Meet the children

MOSN အဖွဲ့သားများမှ ပထမဆုံးအကြိမ်အဖြစ် မိဘမဲ့ကလေး စာသင်ကျောင်းတစ်ခုကို သွားရောက်လေ့လာခဲ့ခြင်းမှ တွေ့ရှိရသော အကြောင်းအရာတချို့ကို ဖော်ပြပေးလိုက်ပါသည်။

မြသိင်္ဂီသီလရှင်စာသင်တိုက် နှင့် ပတ်သက်သည့်အကြောင်းအရာများ

(၂၁.၆.၂၀၀၉) တနင်္ဂနွေနေ့က ကာယ (၁၂)လမ်း၊ ဒေါ်ငိုတံတားလမ်း၊ သင်္ဃန်းကျွန်းကြီးအနီး၊ မင်္ဂလာဒုံမြို့နယ်က မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်သင် အမျိုးသမီးပညာရေး၊ ပရဟိတကျောင်း) ကို Myanmar-OSN အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့ မှ သွားရောက် လေ့လာခဲ့ပါတယ်။ ကျောင်းက အမှတ် (၃) လမ်းမကြီးကနေ ဝင်ရင် (၂၀) မိနစ်လောက် ကားမောင်းဝင်ရပါတယ်။ ကျောင်းက လမ်းမတန်းမှာလည်းမဟုတ်သလို လွယ်လွယ်ကူကူသွားရောက်လို့ရနိုင်တဲ့ နေရာလေးလည်းမဟုတ်ပါဘူး…. လမ်းတလျှောက်လုံးမှာ ၀ါးပင်တန်းလေးတွေနဲ့ တမျိုးတဖုံ တော့ စိတ်ဝင်စားစရာကောင်းပါတယ်… အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေနဲ့ ပတ်ဝန်းကျင်ဟာ ပညာသင်ကြားပေးရန် အများကြီးလိုအပ်နေသေတဲ့ အနေအထားတွေကိုတွေ့ရပါတယ်… လူနေမှုစရိုက် ပညာလိုချင်မှုစိတ်နေစိတ်ထား ထောက်ပံ့မှုနဲ့ စာနာမှုတွေ အများဆုံးလိုအပ်နေတဲ့ နေရာတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်… ဒီလိုနေရာမှာ ဒီလိုစွန့်လွှတ်စွန့်စားတဲ့စိတ်ကူးနဲ့ စာသင်တိုက်တစ်ခုကို ရဲရဲဝင့်ဝင့် တည်ထောင်ထားတဲ့ သီလရှင်ဆရာကြီးတွေရဲ့ စိတ်နေစိတ်ထားကတော့ အဖွဲ့ဝင်များကိုယ်တိုင် အားကျလောက်အောင် လေးစားခဲ့ရတဲ့ နေ့ရက်တစ်ရက်ပဲဖြစ်ပါတယ်… ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတဲ့အတွက် သဒ္ဒါစိတ်တွေ အလိုလိုပေါ်ထွန်းလာခဲ့ပါတယ်…

မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်သင် ပညာရေးကျောင်း) ကျောင်းထိုင်သီလရှင်ဆရာကြီးရဲ့ ဘွဲ့အမည်ကတော့ ဒေါ်သီလဝတီပါ။ အသက်ကတော့ (၄၀) နှစ် ဝါတော် (၂၈) နှစ် ဖြစ်ပါတယ်။ ကျောင်းကို ၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့တယ်။ အဆိုပါကျောင်းတွင် ကျောင်းသားကျောင်းသူများ လက်ခံရာ၌ (၃) မျိုး လက်ခံပါတယ်။ အတိုကောက် အနေနဲ့မှတ်ရမယ်ဆိုရင်တော့ ” စုံ ၊ ပဲ့ ၊ မဲ့ ” လို့သတ်မှတ်ထားကြောင်း သိရပါတယ်… မိဘစုံလင်ပေမယ့် ဆင်းရဲနွမ်းပါးနေတဲ့ ကလေးတွေ၊ မိဘ နှစ်ဦးမှာ တစ်ဦးဦးပဲ့နေတဲ့ ကလေးတွေနဲ့ မိဘလုံးဝမဲ့နေတဲ့ကလေးတွေ အားလုံးကို ပညာသင်ကြားပေးနေသော၊ ထိုက်သင့်သလောက် ကျွေးမွေးစောင့်ရှောက် ပေးနေတဲ့ ကျောင်းတစ်ခုဖြစ်ကြောင့် လေ့လာသိရှိရပါတယ်.. လက်ရှိအခြေအနေမှာ ” စုံ ၊ ပဲ့ ၊ မဲ့ ” ကလေးစုစုပေါင်း (၅၇၃) ယောက် ကို စာသင်ကြားပေးနေပြီး ကျောင်းမှာ သီလရှင် နဲ့ မိဘမဲ့ကလေး အရေအတွက် (၈၀) ကျော် နေထိုင်ပါတယ်။ သူငယ်တန်းကနေ အဌမတန်းအထိ စာသင်ကြားပေးတဲ့ ဒီကျောင်းလေးကို ၂၀၀၂ ခုနှစ်ကစပြီး အစိုးရက တရားဝင် အသိအမှတ်ပြုဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။ ကျောင်းပိတ်ရက်ကတော့ အဖိတ်နေ့နဲ့ ဥပုသ်နေ့ တွေကို သတ်မှတ်ထားပါတယ်။ မနက်ပိုင်းတွင် ကလေးငယ်များ လိမ္မာယဉ်ကျေးလာစေရန်အတွက် အဘိဓမ္မာနှင့် ဓမ္မာစရိယတန်းများဖွင့်လှစ်သင်ကြားပေးပီး နေ့လည်၁၂ နာရီမှ ညနေ (၅)နာရီအထိ ကိုတော့ စာပေအတန်းပညာကို သင်ကြားပေးနေတာကို တွေ့ရပါတယ်..။

ဒီကျောင်းလေးက ကားလမ်းမနဲ့ တော်တော်လေးအလှမ်းဝေးတဲ့ကျောင်းလေးတစ်ကျောင်းပါ .. စာနာထောက်ထားမှု နဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုကို လိုလားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လှူချင်တယ်ဆိုရင် လှူသင့်တဲ့ စာသင်တိုက်လေးတစ်ခုဖြစ်ပါတယ်… နေ့စဉ်စာသင်ကြားနေတဲ့ကလေးတွေကို ကျွေးမွေးမှုစရိတ် ၊ ပညာသင်ကြားမှုစရိတ်နဲ့ လူတန်းစေ့ဝတ်စားနိုင်ရေးအတွက် ထောက်ပံ့နေရတဲ့စရိတ်တွေက မသိသာပေမယ့် မလွယ်ကူတဲ့ စရိတ်တွေပဲဖြစ်ပါတယ်.. ကျောင်းသားများအား နေ့စဉ်ကျွေးမွေးမှုသည် ဆရာလေးတို့ရဲ့ ဆွမ်းဆံအလှူခံခြင်းတွင်သာ အဓိကအားထားနေရခြင်းဖြစ်ပြီး နေ့စဉ်လိုလို ဟင်းတစ်မျိုးကိုသာ ချက်ပြုတ်ကျွေးနိုင်ပါသည်။ တစ်ခါတစ်ရံ ပဲလိပ်ပြာပြုတ် တစ်မျိုးကိုသာ ကြက်သွန်မပါ ကျွေးရသည်။ ကြက်သွန်ဈေးကြီးလှသဖြင့် မကျွေးနိုင်ဟု ဆရာကြီးက ရှင်းပြသံကို ကြားရတာ တစ်ကယ့်ကို စိတ်မကောင်းစရာပါ။ အလှူငွေ သိပ်မရှိတဲ့ကျောင်းဖြစ်သောကြောင့် ဆရာကြီးသည် စေ့စပ်သေချာအောင် စုဆောင်းပြီး ရသမျှ အလှူငွေလေးနဲ့ လုံလောက်အောင် အသုံးပြုရပါသည်။ ဆရာလေးများ၏ ဝတ်ရုံများဟောင်းနွမ်းသွားသည့်အခါ မကုန်သင့်တာ မကုန်အောင် ခြင်ထောင်အဖြစ် ပြန်လည်ချုပ်လုပ်ကာ အသုံးပြုကြသည်။ လက်ရှိမှာ အလိုအပ်ဆုံးဖြစ်နေတဲ့အရာကတော့ အလျား ပေ (၉၀) အနံ ပေ (၃၀) ရှိတဲ့ ကျောင်းဆောင်တစ်ဆောင်ဆောက်ဖို့ ပဲဖြစ်ပါတယ်.. ယခုလက်ရှိ စာသင်သားများပြီး စာကြည့်ဆောင် တစ်ခုနှင့် မလောက်သဖြင့် ယာယီစာသင်ဆောင်လေးအား ထရံကာအဖြစ်ဆောက်ထားပြီး မိုးရွာလျှင်လဲ မိုးယိုခံပြီး စာသင်နေရတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါသည်။ သို့သော်လဲ ကလေးများနှင့် ဆရာမများကမူ မညီးမညူစာသင်နေတာကို တွေ့ရတော့ ပီတိဖြစ်ရကာ အလှူရှင်မြန်မြန်ပေါ်စေရန် မျှော်လင့်မိသည်။ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင် ဆောက်မည်ဆိုလျှင် ခန့်မှန်း တန်ဖိုးငွေ သိန်း (၃၀၀) ဝန်းကျင်ဖြစ်ပြီး တနင်္ဂနွေလိုနေ့မျိုးတွေမှာလည်း အချိန်ပိုသင်တန်းများကို သဒ္ဒါတရားထက်သန်သော အစိုးရစာသင်ကျောင်းမှ ဆရာမများကိုယ်တိုင် ဒါနအဖြစ် စာသင်ကြားပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အားလုံးကြည့်လို့ရအောင် စာသင်နေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားပေးလိုက်ပါတယ်။
Myanmar-OSN ရဲ့ လှုပ်ရှားမှုလေးမှာ ပါဝင်ချင်တဲ့ စာနာတတ်သူတွေကို Myanmar-OSN အဖွဲ့မှ ကြိုဆိုပါတယ်။

မြသိင်္ဂီ သီလရှင်စာသင်တိုက် အားလှူဒါန်းနိုင်မည့် အရာများနှင့် လိုအပ်ချက်များကို တင်ပြပေးခြင်း၊

ကလေးတစ်ဦးစီအတွက် အကျွေးအမွေးစရိတ်

စဉ် အကြောင်းအရာ ကုန်ကျစရိတ်
၁။ တစ်နပ်စာ အာဟာရ ၄၀၀ ကျပ်
၂။ တစ်နေ့တာ အာဟာရ ၁,၂၀၀ ကျပ်
၃။ တစ်လစာ အာဟာရ ၃၆,၀၀၀ ကျပ်

သူငယ်တန်း၊ ပထမတန်း နှင့် ဒုတိယတန်း အတွက် ပညာရေး နှင့် ကျန်းမာရေး ကုန်ကျစရိတ်

၁။ ကျောင်းစအဝင် ၃,၀၀၀ ကျပ်
၂။ တစ်နေ့လျှင် မုန့်ဖိုး ၁၀၀ ကျပ်
၃။ တစ်လလျှင် မုန့်ဖိုး ၃,၀၀၀ ကျပ်
၎။ ဆယ်လလျှင် မုန့်ဖိုး ၃၀,၀၀၀ ကျပ်
၅။ ကြားကာလ စာရေးကိရိယာ နှင့် ကျန်းမာရေး ပျှမ်းမျှ ၁၅,၀၀၀ ကျပ်

တစ်နေ့တာ ကုန်ကျစရိတ် = ၁,၃၀၀ ကျပ်
တစ်လ ကုန်ကျစရိတ် = ၃၉,၀၀၀ ကျပ်

သူငယ်တန်း၊ ပထမတန်း နှင့် ဒုတိယတန်း ရှိ ကလေးတစ်ဦးစီ၏ တစ်နှစ်တာ ကုန်ကျစရိတ်
တစ်နှစ်စာ အာဟာရ = ၃၆၀,၀၀၀ ကျပ်
ပညာသင်စရိတ် နှင့် ကျန်းမာရေး = ၄၈,၀၀၀ ကျပ်
စုစုပေါင်း ကုန်ကျစရိတ် = ၄၀၈,၀၀၀ ကျပ်

တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း နှင့် ဆဌမတန်း အတွက် ပညာရေး နှင့် ကျန်းမာရေး ကုန်ကျ စရိတ်

၁။ ကျောင်းစအဝင် ၃,၀၀၀ ကျပ်
၂။ တစ်နေ့လျှင် မုန့်ဖိုး ၁၀၀ ကျပ်
၃။ တစ်လလျှင် မုန့်ဖိုး ၃,၀၀၀ ကျပ်
၎။ ဆယ်လလျှင် မုန့်ဖိုး ၃၀,၀၀၀ ကျပ်
၅။ ကြားကာလ စာရေးကိရိယာ နှင့် ကျန်းမာရေး ပျှမ်းမျှ ၃၀,၀၀၀ ကျပ်

တစ်နေ့တာ ကုန်ကျစရိတ် = ၁,၃၀၀ ကျပ်
တစ်လ ကုန်ကျစရိတ် = ၃၉,၀၀၀ ကျပ်

တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း နှင့် ဆဌမတန်း ရှိ ကလေးတစ်ဦးစီ၏ တစ်နှစ်တာ ကုန်ကျစရိတ်

တစ်နှစ်စာ အာဟာရ = ၃၆၀,၀၀၀ ကျပ်
ပညာသင်စရိတ် နှင့် ကျန်းမာရေး = ၆၃,၀၀၀ ကျပ်
စုစုပေါင်း ကုန်ကျစရိတ် = ၄၂၃,၀၀၀ ကျပ်

သတ္တမတန်း၊ အဌမတန်း၊ နဝမတန်း နှင့် ဒသမတန်း တို့အတွက် ပညာရေး နှင့် ကျန်းမာရေး စရိတ်

၁။ ကျောင်းစအဝင် ၃,၀၀၀ ကျပ်
၂။ တစ်နေ့လျှင် မုန့်ဖိုး ၂၀၀ ကျပ်
၃။ တစ်လလျှင် မုန့်ဖိုး ၆,၀၀၀ ကျပ်
၎။ ဆယ်လလျှင် မုန့်ဖိုး ၆၀,၀၀၀ ကျပ်
၅။ ကြားကာလ စာရေးကိရိယာ နှင့် ကျန်းမာရေး ပျှမ်းမျှ ၆၀,၀၀၀ ကျပ်

တစ်နေ့တာ ကုန်ကျစရိတ် = ၁,၄၀၀ ကျပ်
တစ်လ ကုန်ကျစရိတ် = ၄၂,၀၀၀ ကျပ်

သတ္တမတန်း၊ အဌမတန်း၊ နဝမတန်း နှင့် ဒသမတန်း ရှိ ကလေးတစ်ဦးစီ၏ တစ်နှစ်တာ ကုန်ကျစရိတ်

တစ်နှစ်စာ အာဟာရ = ၃၆၀,၀၀၀ ကျပ်
ပညာသင်စရိတ် နှင့် ကျန်းမာရေး = ၁၂၅,၀၀၀ ကျပ်
စုစုပေါင်း ကုန်ကျစရိတ် = ၄၈၅,၀၀၀ ကျပ်

မှတ်ချက် ။ ။ အချက်အလက် တွက်ချက်မှုများသည် မြသိင်္ဂီသီလရှင်ကျောင်းမှ တွက်ချက်ထားသည့်အတိုင်း ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ ပြောင်းလဲ ပြင်ဆင်ခြင်းမရှိပါ။
လက်ရှိ အဓိက လိုအပ်နေတာကတော့ စာသင်ကျောင်းဆောင်တစ်ခုဖြစ်ပီး ခန့်မှန်းကုန်ကျစရိတ် သိန်း(၃၀၀) ၀န်းကျင် ဟု သိရပါတယ်။